ကလေးငယ်ငယ် ပေါင်းသင်းဆက်ဆံရေး ကောင်းစေဖို့ရယ်
အခုနောက်ပိုင်းမှာ ဉာဏ်ရည်ထက်မြက်ရုံနဲ့ မပြီးဘဲ အောင်မြင်သူ တစ်ယောက်အဖြစ် ရပ်တည်နိုင်ရေးမှာ ပေါင်းသင်းဆက်ဆံရေး ကောင်းဖို့ကလည်း အတော်လေးကို အရေးကြီးလာတာပါ။ ဒီလို ပေါင်းသင်းဆက်တံရေး ကောင်းဖို့ ဆိုတာကလည်း ကြီးလာမှ ပြင်ယူလို့ ရတာမျိုး မဟုတ်ဘဲ ငယ်စဉ်ကလေးဘဝကတည်းက သင်ကြားပေးထားဖို့ လိုမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးကို ငယ်ငယ်ကတည်းက ပေါင်းသင်းဆက်ဆံရေး ကောင်းအောင် သင်ကြားပေးမိဖို့ လိုပါမယ်။
ဒီလို သင်ကြားတဲ့အခါ ဘယ်အချက်လေးတွေကို အဓိကထား သင်ကြားပေးသင့်လဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။
ကလေးကို ပေါင်းသင်းဆက်ဆံရေး ကောင်းသူတစ်ဦး ဖြစ်လာစေဖို့ဆိုရင် -
- အမှီအခို ကင်းအောင် သင်ပေးပါ
ကလေးကို ငယ်ငယ်ကတည်းက ကိုယ့်အားကိုယ်ကိုးတတ်အောင် လေ့ကျင့်ပေးထားပါ။ ကလေးကို လိုလေသေးမရှိ လိုက်မလုပ်ပေးဘဲ ဘေးကနေ လိုအပ်တာလေးတွေကို ပြုပြင်ပေးရုံလောက်ပဲ လုပ်ပေးပါ။ အမှီအခိုကင်းမှု ပြဿနာလေးတွေကို ဖြေရှင်းနိုင်မှုတွေက ဆက်ဆံရေးကောင်းစေဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။
- ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် လုပ်ဆောင်ပေးပါ
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရှိနဲ့ ကြီးပြင်းလာတဲ့သူက ပေါင်းသင်းဆက်ဆံရေး ကောင်းကြသလို လူချစ်လူခင်လည်း ပေါကြပါတယ်။ ကလေးက သူ့ရဲ့ လုပ်ဆောင်မှု တစ်ခုတိုင်းကို ယုံကြည်မှု ရှိရှိ လုပ်ဆောင်နိုင်စေဖို့ သင်ကြားပေးထားတာက အရွယ်ရောက်ချိန်မှာ ပေါင်းသင်းဆက်ဆံရေး ကောင်းသူ တစ်ဦး ဖြစ်လာမှာပါ။
- ကိုယ်ချင်းစာစိတ် ထားတတ်အောင် မွေးမြူပေးပါ
ပေါင်းသင်းဆက်ဆံရေး ကောင်းသူတွေ လူချစ်လူခင် ပေါပြီး လူဝင်ဆန့်သူတိုင်းမှာ ကောင်းတဲ့ စိတ်ထားလေး တစ်ခုက လူတွေနဲ့ သတ္တဝါလေးတွေကို ကိုယ်ချင်းစာပေးတတ်တာပါ။ ဒီလို ကိုယ်ချင်းစာတတ်မှုကပဲ ကလေးကို လူတွေက နှစ်လိုဖွယ်ရာလူ တစ်ဦးလိုမျိုးမြင်မိပြီး ခင်သူတွေ ပေါများစေမှာပါ။
- နားထောင်တတ်သူဖြစ်စေဖို့ ပျိုးထောင်ပါ
ကလေးက နားထောင်တတ်သူ ဖြစ်မှ ပေါင်းသင်းဆက်ဆံရေး ကောင်းမှာပါ။ ကလေးကို နားထောင်ကောင်းသူ ဖြစ်စေချင်ရင် အရင်ဆုံး မိဘတွေက ကလေးရဲ့ အတွေ့အကြုံ ခံစားချက်တွေကို ရင်ဖွင့်ပြောပြလာချိန်မှာ သေချာလေး နားထောင်ပေးဖို့ လိုပါမယ်။ ဒီလို နားထောင်ပေးတတ်တာက ကလေးက နားထောင်ကောင်းသူဖြစ်လာစေပြီး လူဝင်ဆန့်စေမှာပါ။
- ရှေ့ဆောင်ကောင်း ဖြစ်ပါစေ
ကလေးဆိုတာက မေမေဖေဖေတို့ကို ကြည့်ရင်း သင်ယူနေကြတာပါ။ ဒါကြောင့် သားသားမီးမီး ပေါင်းသင်းဆက်ဆံရေး ကောင်းဖို့ရာမှာ မေမေဖေဖေတို့ ကိုယ်တိုင်က ဖော်ရွေတတ်သူတွ ပေါင်းသင်းဆက်ဆံရေး ကောင်းသူတွေ ဖြစ်ဖို့ လိုပါမယ်။
- သူငယ်ချင်းတွေနဲ့ အတူ ကစားစေပါ
ကလေးကို တစ်ဦးတည်း ကစားစေတာမျိုး မလုပ်ဘဲ သူငယ်ချင်းတွေ၊ မောင်နှမ ရင်းချာ မရှိရင်တောင် ဝမ်းကွဲ မောင်နှမတွေနဲ့ ပေးပြီး ဆော့စေတာက စိတ်လက်ကြံ့ချုင်စေသလို အသင်းအဖွဲ့ စိတ်ဓာတ် ရှိလာပြီး လူတွေနဲ့ ပေါင်းသင်း ဆက်ဆံတတ်လာမှာပါ။ ဒါကြောင့် ကလေးကို သူငယ်ချင်း များများ ထားတာ ဆော့တာကို ဟန့်တားတာမျိုး မလုပ်ပါနဲ့။
ကလေးမှာ အခုလို အချက်လေးတွေ ရှိအောင် ဂရုစိုက်ပေးမယ်ဆိုရင် ကလေးက ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့ လူငယ်လူရွယ်လေး ဖြစ်လာမှာ အသေအချာပါပဲ။
မွန်မွန်